လောကခပ်သိမ်းတွင် အမြတ်ဆုံး ဖြစ်တော်မူသော ဘုရားမြတ် ကရိသျှ်ဏ ပွင့်တော်မူခြင်း
 
				တစ်ရံရော အခါက ကမ္ဘာကြီးသည် မလိုလားအပ်သော စစ်အင်အား တည်ဆောက် နေကြသော လူစိတ်ပျောက်နေကြသည့် ဘုရင်များကြောင့် ဝန်ထုတ်ဝန်ပိုး ဖြစ်လျက် ရှိနေခဲ့သည်။ ထိုအခါ မိခင် ပထဝီမြေ ဘူမီမာသားသည် မိမိကိုယ်ကို နွားမအသွင် ဆောင်ယူလျက် ဗြဟ်မာမင်းထံ သွားရောက်ကာ မျက်ရည် အသွယ်သွယ် စီးလျက် ဖြစ်ပျက်နေသော အကြောင်းများကို တင်ပြလေသည်။ထိုအခါ ဗြဟ်မာ သည် ရှီဝအရှင် ဦးစီးသော ဒေဝတာများကို ခေါ်ဆောင်လျက် ဘုရားရှင် ဝိသျှ်ဏူ စံပါယ်တော်မူရာ နို့ သမုဒ္ဒရာ ကမ်းခြေသို့ သွားရောက်၍ ဆုတောင်းခဲ့ကြသည်။
 	နတ်ဒေဝါများ က ပူရူသျှ-စူ(က်)သ ဂါထာတော်များဖြင့် ပူဇော်ခဲ့သော်လည်း တုန့်ပြန်မှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထိုအခါ ဗြဟ်မာမင်းသည် ကိုယ်တိုင် ထိုင်လျက် ဘုရားမြတ် ဝိသျှ်ဏုကို အာရုံ ပြုခဲ့ရာ တရား ပြန်ကြားချက်ကို နှလုံးဟဒယမှ ရရှိခဲ့သည်။ ထိုအခါ ဗြဟ်မာသည် နတ်ဒေဝါ အပေါင်းအား ထိုတရားပြန်ကြားချက်ကို ပြန်လည် မိန့်ကြားခဲ့သည်။ ထိုတရား ပြန်ကြားချက်မှာ ယခုလို ဖြစ်ပါသည်။ မကြာမှီ ကာလတွင် လောက ခပ်သိမ်းတွင် အမြင့်မြတ်ဆုံး ဖြစ်တော် မူသော ဘုရားမြတ် သည် ဤလောကတွင် ဆင်းသက် ပွင့်တော်မူလိမ့်မည်။ ထိုသို့ ပွင့်တော် မူရာတွင် တန်ခိုးတော် အလုံးစုံ သည်လည်း တည်လိမ့်မည် ဖြစ်ပြီး နတ်ဒေဝါတို့သည် ထို ပွင့်တော်မူခြင်းတွင် ပါဝင်စေရမည် ဟူ၍ ဖြစ်သည်။ နတ်ဒေဝါတို့သည် ဘုရားရှင် ပွင့်တော်မူမည် ဖြစ်သော ယဓူမင်းဆက်တွင် ယခု ချက်ခြင်း ဆင်းသက်ရမည်။ လောက အလုံးစုံတွင် အမြတ်ဆုံး ဖြစ်တော်မူသော ဘုရားမြတ် ကရိသျှ်ဏ ကိုယ်တော်တိုင် သည် ဝဆုဒေဝ၏ သားတော် အဖြစ် ထိုမင်းဆက်တွင် ပွင့်တော်မူလိမ့်မည်။ ထို့အပြင် နဂါးအမောက် သန်းပေါင်း များစွာ ပိုင်ဆိုင်သော အနံန်သ ဘုရားသည်လည်း ဘုရားမပွင့်မှီ ပွင့်တော် မူလိမ့်မည်။ လူတို့အား စိတ်ရှုတ်ထွေးမှုကို ဖြစ်စေသော  ဘုရားမြတ်၏ ဗဟိဒ္ဓတန်ခိုးတော် မာယာ သည် လည်း ဘုရားမြတ်၏ အမိိန့်တော်ဖြင့် ဘုရားမြတ်အား အကူအညီ ပြုရန် ပွင့်လာလိမ့်မည်။ 	ယင်းသို့ တရားပြန်ကြားချက်ကို ပြောပြပြီးသော အခါ ဗြဟ်မာနှင့်တကွ ဒေဝါ အပေါင်း တို့သည် မိမိတို့ဌာနေ အသီးသီးသို့ ပြန်သွားကြကုန်သည်။ 	ထိုကာလတွင် မဿူရာ တိုင်းနှင့် ရှူရစေန တိုင်းတို့ကို ရှူရစေန ဘုရင်သည် မင်းလုပ် အုပ်ချုပ် နေခဲ့သည်။ 	တစ်နေ့တွင် ရှူရစေနဘုရင်၏ သားတော် ဝဆုဒေဝသည် ဥဂရဆေန ဘုရင်၏ သမီးတော် ဒေဝကီကို လက်ဆက်ပြီးနောက် အခအြွေရံများစွာဖြင့် မြို့တော်သို့ ပြန်ရန်စီစဉ်သည်။ဒေဝကီ၏ နောင်တော် ကံဆ သည် ညီမတော် ဒေဝကီကို စိတ်ချမ်းသာစေရန် အတွက် ယောက်ဖတော်၏ မြင်းရထားကို ကိုယ်တိုင် မောင်း၍ လိုက်ပါ ပို့ဆောင်သည်။
 
        ထိုသို့ လိုက်ပါပို့ဆောင်စဉ် တူရိယာ တီးမှုတ်သူများ၊ မောင်းမ မိသံများ၊ ဆင်မြင်းများ၊  အခြံအရံများ စသည်တို့ဖြင့် စည်ကားလှပေသည်။ လမ်းခုလတ်သို့ ရောက်သောအခါ အံသြဘွယ်ရာ ကောင်းသော ကောင်းကင်အသံကို သူတို့ ရုတ်တရက် ကြားကြရသည်။  ”  ကံဆ၊သင်သည် မိုက်မဲ လှစွာ၏၊ သင်သည် သင်၏ ယောက်ဖတော်နှင့် နှမတော်တို့ကို မြင်းရထား ကိုယ်တိုင်မောင်း၍ လိုက်ပါ ပို့ဆောင် နေ၏၊သင်မသိသေးသည်ကား သင်၏ နှမတော်၏ အဋ္ဌမမြောက် သားတော် သည် သင့်အား သုတ်သင် လိမ့်မည်။” 
     	ကံဆကား  ဘိုးဂျမင်းဆက် ဘုရင် ဥဂရဆေန၏ သားတော်ဖြစ်သည်။ ဘိုးဂျ မင်းဆက် တွင် လူမဆန်ဆုံး အရက်စက်ဆုံး ဖြစ်သည်။ ကောင်းကင်မှ ထိုအသံကို ကြားရသော အခါ ကံဆ သည် နှမတော် ဒေဝကီ၏ ဆံပင်ကို ဘယ်လက် ဖြင့် ဆွဲကာ ညာလက်မှ ဒါးရှည်ကို ထုတ်၍ သတ်ရန် ပြင်ဆင် သည်။ ထိုအခါ စိတ်ထား မြင့်မြတ်ပြီး သူတော်ကောင်း စိတ်ဓါတ် ရှိသူ ဝဆုဒေဝသည် ထို အခြေအနေ ကို ထိန်းသိမ်းရန် အတွက် အမျိုးသမီး တစ်ဦးလည်းဖြစ် မိမိ၏ နှမတော်လည်း ဖြစ်၊ ယခုလို မင်္ဂလာ ရှိသော အချိန်လည်းဖြစ် စသည် တို့ကြောင့် ဒေဝကီကို မသတ်သင့်ကြောင်း၊ နှမတော် ကို သတ်က ရာဇဝင်တွင် ကံဆ၏ ဂုဏ်သတင်း ငြှိူးနွမ်းမည် ဖြစ်ကြောင်း တို့ကို ကံနှင့် ကံ၏ အကျိုး သက်ရောက်မှု နှင့် ဆက်နွှယ်လျက် ရှင်းပြလေသည်။ 	သို့သော် ဘီလူးစိတ်ဝင်နေသူ ကံဆမှာ ထို ရှင်းပြချက်တို့ကို နားမဝင်ခဲ့ပေ။ ထိုအခါ ဝဆုဒေဝ သည် အန္တရာယ်ရှိသော ထိုအနေအထားကို ကျော်လွှား နိုင်ရန်အတွက် ကံဆအား အသက်အန္တရယ် ပြုမည့်သူ မှာ ဒေဝကီ မဟုတ်ဘဲ သားတော်သာ ဖြစ်သဖြင့် ဒေဝကီကို မသတ်သင့် ကြောင်း၊ သားတော်များ မွေးဖွားလာပါက ကံဆအား လာရောက် ဆက်သမည် ဖြစ်ကြောင်း တို့ကို ပြောပြ လေသည်။ ဝဆုဒေဝသည် ကတိတည်သူဖြစ်ကြောင်းကို ကောင်းမွန်စွာ သိသော ကံဆသည် အနည်းငယ် စိတ်ပြေလျက်၊ ဝဆုဒေဝ တင်ပြသော အကြောင်းအကျိုး ဆီလျော်မှုကို လက်ခံကာ ဒေဝကီကို သတ်မည့် အကြံအစည် ကို လက်လျော့ လိုက်ကာ ခရီးဆက်ခဲ့ကြ လေသည်။ 	ထို့နောက်တွင် ကလေးငယ်တစ်ယောက် မွေးဖွားတိုင်း ဝဆုဒေဝသည် ထိုကလေးငယ်ကို ကိုယ်တိုင် ဆောင်ယူကာ ကံဆကို ဆက်သလေသည်။ ဝဆုဒေဝ၏ သူတော်ကောင်း စိတ်ဓါတ်နှင့် စကား တည်ကြည်မှုတို့ကြောင့် ဝဆုဒေဝအပေါ် ကံဆသည် ကရုဏာ သက်ခဲ့သည်။ ကံဆ က သူ့ကို သတ်မည့်သူမှာ ရှစ်ယောက်မြောက်သော ကလေးဖြစ်သဖြင့် ဤသားဦးကို သူ ဘာမျှမလုပ်လိုကြောင်း၊ သားငယ်ကို ပြန်ခေါ်သွားနိုင်ကြောင်း တို့ကို ပြောပြလေသည်။  	ဝဆုဒေဝသည် ကလေးငယ်ကို ပြန်ခေါ်လာခဲ့သော်လည်း ကံဆ၏ စကားအပေါ် သံသယ ရှိနေခဲ့သည်။ သူသည် စကားတည်တတ်သူ တစ်ဦး မဟုတ်ကြောင်းကို မူ သိရှိ နေခဲ့သည်။ 	ထိုအချိန်တွင် နာရဒမူနီသည် ကံဆထံ ကရြွောက်တော်မူ၏။ နာရဒမူနိသည် ဘုရားမြတ် ကရိသျှ်ဏ အား မြန်မြန်ထက်ထက် ပွင့်တော်မူစေလိုသည်။ သူက ကံဆအား နန္ဒမဟာရားဂျ် နှင့် တကွ ဝရင်န္ဒာဝံန် တွင် ရှိကြသူများသည် လည်းကောင်း၊ ဝဆုဒေဝနှင့် တကွ ခမည်းတော် ရှူရဆေနနှင့် ဝရီရှ်နီ နှင့် ယဓု မင်းဆက်တွင် မွေးဖွား ခဲ့ကြသူ များမှာ အမှန်စင်စစ် နတ်ဒေဝါ များ ဖြစ်ကြကြောင်း အသိ ပေးလေသည်။ ထိုအခါ ကံဆသည် အလွန်တုန်လှုပ် သွားလေ တော့သည်။ နတ်ဒေဝါများ ရောက်နေကြပြီ ဟုဆိုလျှင် ဘုရားရှင် ဝိသျှ်ဏုသည် မကြာမှီ ပွင့်တော်မူလိမ့်မည် ဟုလည်း မှန်းဆနေခဲ့သည်။ ထိုအခါ သူသည် ယောက်ဖတော် ဝဆုဒေဝနှင့် ဒေဝကီ တို့ကို ဖမ်းဆီး၍ ထောင်သွင်း အကျဉ်း ချထားကာ သံကြိုးများဖြင့် ချည်နှောင်ထား လေတော့သည်။  	 ဝဆုဒေဝနှင့် ဒေဝကီ တို့သည် တစ်နှစ်တွင် သားတော် တစ်ပါး ထွန်းကားခဲ့ရာ ကံဆသည် မွေးလာသမျှ ကလေးများကို ဝိသျှ်ဏု ဘုရား ပွင့်သည်ဟု မှတ်ယူကာ သတ်ဖြတ် ခဲ့လေသည်။ ယဓု၊ ဘိုးဂျနှင့် အံန္ဒကာရ တိုင်းကို အုပ်ချုပ်နေသော ခမည်းတော် ဥဂရဆေန ကိုလည်း ဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချ လေသည်။ ဝဆုဒေဝ ခမည်းတော် မင်းလုပ်သော ရှူရဆေန တိုင်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ကာ ကံဆဘုရင်သည် ထိုတိုင်းတို့၏ ဘုရင်အဖြစ်  မိမိကိုယ်ကို ကြေငြာလေသည်။  	ထိုမျှမက သ်ရီနဝသ၊ အဃားဆူရ၊ မူသျှ်တီက၊ အရိသျှ်တ၊ ဒွီဝိဒ၊ ပူးသန၊ ကေရှီ၊ ဒေနူက  စသော ဘီလူးများနှင့် မဟာမိတ်ပြုလေသည်။ ထိုအချိန်တွင် မာဂဓတိုင်းကို ဂျရားစံန္ဒ အုပ်ချုပ်နေချိန် ဖြစ်သည်။ နိုင်ငံရေး ပရိယာယ်ကို သုံးကာ ကံဆသည် အင်အား ကြီးမားသော ဂျရားစံန္ဒကိုလည်း မဟာမိတ်ပြုလေသည်။ ထို့အပြင် ဘားဏဆုရ နှင့် ဘဟူမား ဆူရ တို့နှင့်လည်း မဟာမိတ်ပြု၏။ ထို့နောက်တွင် ဘုရားမြတ် ကရိသျှ်ဏ ပွင့်တော်မူမည့် ယဓု မင်းဆက်ကို အပြင်းအထန် နှိပ်ကွပ် လေတော့သည်။ 	ကံဆ၏ မတရားမှုများကို မခံနိုင်ကြသော ယဓု၊ ဘိုးဂျနှင့် အန္ဒကာရ မင်းဆက်တို့သည် ကူရူတိုင်း၊ ပါးဏ်ကျာလတိုင်း စသည့် အခြားသော တိုင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံကြသည်။ ကံဆမှာမူ ဘာရသဝရ်သျှ် ဟုခေါ်သော အိန္ဒိယနိုင်ငံကြီးတွင် မိမိ အနေအထားကို အခိုင်မာဆုံး ဖြစ်အောင် တည်ဆောက်ထားခဲ့လေသည်။ 	ဒေဝကီနှင့် ဝဆုဒေဝတို့၏ ဆဋ္ဌမမြောက်သားတော် အထိ ကံဆသည် ရက်စက်စွာ သတ်ဖြတ် ခဲ့လေသည်။ ၄င်း၏ မိတ်ဆွေများက ထိုရက်စက်သော လုပ်ရပ်ကို ရပ်တံ့ပါရန် တောင်းပန်ခဲ့သော်လည်း ကံဆသည် နားမထောင်ခဲ့ပေ။ နောက်ဆုံး လာရောက် မေတ္တာ ရပ်ခံသူများပင် ကံဆအား ကိုးကွယ်သူများ ဖြစ်သွားကြလေသည်။ 	ဒေဝကီ မယ်တော်သည် သတ္တမမြောက် ပဋိသန္ဓေ အဖြစ် ကရိသျှ်ဏ ဘုရားမြတ်၏ တန်ခိုးတော် အနံန်သ ကို လွယ်တော်မူသည်။ ဒေဝကီ မယ်တော်သည် ဝမ်းနည်းဝမ်းသာ ခံစားရလေသည်။ ဘုရားရှင် ဝိသျှ်ဏူ၏ ကိုယ်ပွားတော်ကို ပဋိသန္ဓေ ယူထားကြောင်းကို သိသဖြင့် ဝမ်းသာ ကြည်နူးရသော်လည်း ဖွားမြင်လာမည့် ကလေးငယ်ကို ကံဆသည် သတ်ပစ်မည်ကို တွေးကာ ဝမ်းနည်းနေရှာသည်။ အခြေအနေ အရပ်ရပ်ကို သိရှိတော်မူသော ဘုရားမြတ် ကရိသျှ်ဏသည် ထိုအချိန်တွင် အတွင်းတန်ခိုးတော် ယိုးဂမာယာအား ဆင်းသက် ထင်ရှားရန် မိန့်တော်မူသည်။ 	ဘုရားမြတ် ကရိသျှ်ဏသည် ယိုးဂမာယာအား လှပသော ဝ်ရဂျဘူမိ ဝ်ရင်န္ဒာဝံန်တွင် ဆင်းသက်ထင်ရှားရန် မိန့်တော်မူခြင်း ဖြစ်သည်။ ဝရင်န္ဒာဝံန်တွင် ဝဆုဒေဝ၏ မိဘုရားတစ်ပါး ဖြစ်သော ရိုဟီဏီဒေဝီသည် နန္ဒဘုရင်နှင့်မိဘုရား ယရှိုးဒါ တို့နှင့် အတူ နေထိုင်လျက် ရှိသည်။ ရိုဟီဏီဒေဝီ သာမက ယဓုမင်းဆက်ဝင် အတော်များများသည် ကံဆ၏ ရန်ကို တိမ်းရှောင်နိုင်ရန် တောတောင်များတွင် ပုန်းရှိုးနေထိုင်နေသော အချိန် ဖြစ်သည်။ 	ဘုရားမြတ် ကရိသျှ်ဏ သည် ယိုးဂမာယာအား အောက်ပါအတိုင်း မိန့်ကြားတော် မူသည်။”  ငါ၏ ကိုယ်ပွားတော် ရှေးသျှသည် ဒေဝကီမယ်တော်၏ ဝမ်းကြာတိုက်တွင် ထင်ရှားနေ၏။သင်သည် ထိုပဋိသန္ဓေကို ရိုဟီဏီ ဒေဝီ၏ ဝမ်းကြာတိုက် အတွင်းသို့ ရွှေ့ပြောင်း ပေးရမည်။ ထို့နောက်တွင် ငါကိုယ်တော်တိုင်သည် ဒေဝကီ မယ်တော်၏ ဝမ်းကြာတိုက်တွင် ငါ၏ တန်ခိုးတော်အလုံးစုံနှင့် တကွ ဆင်းသက်ပွင့်တော်မူမည်။ ငါသည် ခမည်းတော် ဝဆုဒေဝနှင့် ဒေဝကီ မယ်တော်၏ သားတော် အဖြစ် ပွင့်တော်မူမည်။ သင်ကား ဝ်ရင်န္ဒာဝံန်တွင် နန္ဒမဟာရားဂျ်နှင့် ယရှိုးဒါးမယ်တော် တို့၏ သမီးတော် အဖြစ် ဆင်းသက် ရမည်။’ ”  သင်သည် ငါဘုရား၏ နှမတော် အဖြစ် ဆင်းသက်မည် ဖြစ်သော ကြောင့် လူတို့က သင့်အား ဆီမီး ပန်း အမွှေးနံသာ တို့ဖြင့် ပူဇော် ကြလိမ့်မည်။ လောကီ ပြီးပြည့့်စုံခြင်း ကို အလိုရှိကြသူ တို့က သင့်အား ဒူရ်ဂါ၊ ဘဒ်ရကားလီ၊ ဝီဂျယ၊ ဝိတ်သျှ်ဏဝီ၊ ကူမူူူဒ၊ ကျဏ်ဓီ ကား၊ မားဓဝီ၊ ကံန်ယကား၊ မားယား၊ နားရား ယဏီ၊ အီရှားနီ၊ ရှားရဒါး၊ နှင့် အမ်ဘီကာ စသော အမည် အမျိုးမျိူးဖြင့် ပူဇော် ကိုးကွယ်ကြလိမ့်မည်။”  	ထို့အပြင်ဘုရားမြတ် ကရိသျှ်ဏ က ယိုးဂမာယာအား ဒေဝကီမ ယ်တော်၏ ဝမ်းကြာတိုက်တွင် ရှိနေသော ဘုရားမြတ် ၏ ကိုယ်ပွားတော် ရှေးသျှ သည် လောကုတ္တရာ လုပ်ဆောင်နိုင်စွမ်းကို ပေးသနားမည် ဖြစ်သောကြောင့် ‘ ဘလ’ ဟူ၍လည်းကောင်း၊ လောကုတ္တရာ ချမ်သာ သုခကို ပေးသနားမည် ဖြစ်သောကြောင့် ‘ ရမဏ’ ဟူ၍လည်းကောင်း  စုပေါင်းလျက် ဘလရားမ ဟူ၍ သိရှိ ကြလိမ့်မည် ဟု မိန့်တော်မူသည်။ 	ထိုကဲ့သို့သော အစီအစဉ်များ ပြီးမြောက် ပြီးသော အခါ လောကအလုံးစုံတွင် အမြင့်မြတ်ဆုံး ဖြစ်တော်မူသော ဘုရားမြတ် ကရိသျှ်ဏ သည် လူသားတို့ မှန်းဆ၍ မရနိုင်သော တန်ခိုးတော် တို့ကို ဆောင်ယူလျက် ခမည်းတော် ဝဆုဒေဝ၏ စိတ်ထဲသို့ ဝင်ရောက်တော် မူသည်။ ထိုမှ တစ်ဆင့် မယ်တော် ဒေဝကီ၏ နှလုံး ဟဒယသို့ ကူးပြောင်းဝင်ရောက် တော်မူသည်။ ဘုရားမြတ် ကရိသျှ်ဏသည် သာမန်လူသားများကဲ့သို့ ဒေဝကီ မယ်တော်၏ ဝမ်းကြာတိုက် အတွင်းသို့ ဝင်ရောက်ခြင်း မဟုတ်ပေ။ လောကအလုံးစုံတွင် အမြင့်မြတ်ဆုံး ဖြစ်တော်မူသော ဘုရားမြတ် ကရိသျှ်ဏသည် လူသာမန်ကဲ့သို့ ယောကျာ်း နှင့် မိန်းမတို့၏ ပေါင်းစည်းမှုဖြင့် ပွင့်တော်မူရန် မလိုအပ်ပေ။ မိမိ၏ ဆန္ဒတော်နှင့်အညီ ပွင့်တော် မူခဲ့ခြင်း ဖြစ်သည်။ 	ဘုရားမြတ် ကရိသျှ်ဏ စိတ်အစဉ်တွင် ကိန်းဝပ်သည်နှင့် တစ်ပြိုင်နက် ခမည်းတော် ဝဆုဒေဝသည် သာမန်လူများပင် မကြည့်နိုင်အောင် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်း တောက်ပလာသည်။ ထို့နောက်တွင် ဘုရားမြတ်သည် ဒေဝကီမယ်တော်၏ နှလုံး ဟဒယသို့ ကူးပြောင်း စံပယ်တော်မူသည်။နေမင်း၏ အလင်ရောင် ကွယ်ချိန်တွင် လ၏အလင်းရောင် လင်းဖြာ လာသကဲ့သို့ တည်း။ 	ကံဆသည် ဒေဝကီ၏ ကိုယ်ရောင် လင်းဖြာနေမှုကို သတိထားမိ၏။ ဘုရားရှင် သည် ဒေဝကီ၏ ဝမ်းကြာတိုက်တွင် စံပါယ် နေပြီဟုလည်း တွေးမိ၏။ ဒေဝကီ မွေးလာမည့် ကလေးသည် သူ့ကို သတ်မည်ဟု တွေးမိကာ စိတ်အနှောင့်အယှက် အကြီးအကျယ် ဖြစ်နေတော့သည်။ ”  ဒေဝကီကို ဘယ်လို လုပ်ရင် ကောင်းမလဲ”  ဟုလည်း အကြံ ထုတ်နေသည်။ ယခု ဒေဝကီကို သတ်သော် ဝိသျှ်ဏုဘုရားရှင်သည် ပို၍ပြင်းထန်သော အင်အားဖြင့် သူ့အားသုတ်သင်မည် ဟုတွေးမိ၏။ ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်ကို သတ်ခြင်းက သူ့၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်းနှင့် မည်သူမျှ မိမိ ဂုဏ်သိက္ခာကို နင်းခြေ မပစ်နိုင်ကြောင်း ကိုလည်းတွေးမိသည်။ယင်းသို့ အကျိုးနှင့် အကြောင်းဆက်စပ် စဉ်းစားကာ နောက်ဆုံးတွင် ဒေဝကီ ကို မသတ်တော့ရန် ကံဆ ဆုံးဖြတ်လေသည်။ သို့သော် ထိုခြောက်ခြားမှုကြောင့် ကံဆသည် အိပ်ချိန်၊ စားချိန် သွားချိန် လာချိန် စသော အချိန်တိုင်းတွင် ကရိသျှ်ဏ သို့မဟုတ် ဝိသျှ်ဏု ဘုရားမြတ် ကိုသာ မြင်ယောင်နေတော့သည်။ 	ထိုအချိန်တွင် ဗြဟ်မာ၊ ရှီဝါ အမှူးပြုသော နတ်ဒေဝါ အပေါင်းတို့သည် ကိုယ်ရောင် ဖျောက်လျက် ဒေဝကီမယ်တော်၏ ဝမ်းကြာတိုက်တွင် စံပါယ်သော ဘုရားမြတ် ကရိသျှ်ဏအား လာရောက် ဖူးမြှော်ကာ ဆုတောင်းပတ္ထနာများ ပြုလုပ်ကြပါသည်။မယ်တော် ဒေဝကီအားလည်း လောကခပ်သိမ်း၏ အရှင်သခင် ဘုရားရှင်သည် သားတော် အဖြစ် ပွင့်တော်မူလာမည် ဖြစ်သဖြင့် စိုးရိမ်ကြောင့်ကြ မဖြစ်ရန် အားပေးလေသည်။ ထို့နောက်တွင် မိိမိတို့၏ ဘုံအသီးသီး သို့ ပြန်လည် ထွက်ခွာတော်မူကြသည်။ 	ဤသို့ဖြင့် ဘုရားမြတ် ကရိသျှ်ဏ ပွင့်တော်မူလာမည့် အချိန် နီးကပ်လာခဲ့ လေပြီ။ ဘုရားမြတ်၏ ပွင့်တော်မူခြင်းသည် လူသာမန်တို့ မွေးဖွားခြင်းနှင့် လားလားမျှ မတူညီပေ။ လူသားတို့သည် ကံနှင့်ကံ၏ အကျိုးကြောင့် သဘာဝတရား၏ အလိုအတိုင်း အားကိုးရာမဲ့ မွေးဖွားလာကြသည်။ သို့သော် ဘုရားမြတ်၏ ပွင့်တော်မူခြင်းကား ထိုသို့မဟုတ်ပေ။ ဘုရားမြတ် ကရိသျှ်ဏသည် မိမိကိုယ်တော်တိုင်၏ ဆန္ဒတော်ဖြင့် ဆင်းသက်ပွင့်တော်မူခြင်းဖြစ်သည်။ 	ဘုရားမြတ် ကရိသျှ်ဏ ပွင့်တော်မူမည့် ကာလတွင် လောကတစ်ခုလုံးသည် မင်္ဂလာ အရှိဆုံး အချိန် အဖြစ် ပြောင်းလဲသွားလေ၏။ ရိုဟီနီ နက္ခတ်သည် ကောင်းကင်တွင် ထင်ရှားလာသည်။ ဂြိုလ်နက္ခတ် တို့သည် စွမ်းအားအကြီးဆုံး အနေအထားသို့ ပြေင်းလဲနေရာ ယူကြကုန်သည်။ ရာသီမဟုတ်သော ပန်းများပင် အချိန်အခါ မဟုတ် ပွင့်လာကြကုန်သည်။ထိုပန်းရနံ့များကို သယ်ဆောင်လာသော လေပြေလေညှင်းသည် လောကတစ်ခုလုံးကို သင်းထုံ မွှေးပြန့် စေသည်။ မြစ်ချောင်း အင်အိုင် တို့မှ ရေတို့သည် ချက်ချင်း ကြည်လင်သွားကြ ကုန်သည်။ ကြာပန်းတို့သည်လည်း ပွင့်အာ လာကြကုန်သည်။ 	လူတို့၏ စိတ်အတွင်းဝယ် ဖေါ်မပြနိုင်သော အေးငြိမ်းချမ်းသာကို ခံစားကြရကုန်သည်။ ယဂ်ယျမီးကို ပူဇော်နေသော ယိုးဂီတို့က လေပြေလေညှင်း တိုက်ခတ်နေသည့် ကြားက ထိုမီးတို့ မလှုပ်မရှား ရှိနေသည်ကို အံ့သြလျက်သာ ရှိနေ၏။တောအုပ်အတွင်းဝယ် ဥဒေါင်း  တို့သည် ကျူးရင့် ကုန်၏။ ကျေးငှက်တို့ကလည်း သာယာသော တေးသံသာကို သီဆိုနေသည့် အလား မြည်တွန်ကြကုန်သည်။ 	နတ်ပြည်များမှ ဂန္ဓာရ်ဘ၊ ကီနားရ စသော နတ်သား နတ်သမီးများက ဂါထာတော် သီချင်းတော်များဖြင့် ဖြေဖျော် ကြကုန်၏။ နတ်သမီးတို့သည် မိုးကောင်းကင်တွင် လှပစွာ ကခုန်ကြကုန်သည်။ ဘုရားပွင့်တော် မူသော နေ့သည် လဆုတ်(၈) ရက်နေ့ ဖြစ်သော်လည်း လမင်းသည် ပြည့်ဝစွာ ထွန်းလင်းပေးလျက်ရှိသည်။ ထိုအချိန်တွင် မိုးခြိမ်းသံ သဲ့သဲ့ကို ကြားရ၏၊ မင်္ဂလာမိုးသည် ဖွဲဖွဲလေး ရွာသွန်းပေးလျက် ရှိနေသည်။ နတ်ဒေဝါတို့သည် မိုးကောင်းကင် ဝေယံထက်မှ ပန်းများကို ကြဲချ ပေးလျက် ရှိသည်။ထိုအချိန် ည သန်းခေါင်ယံတွင် ဘုရားမြတ်ကရိသျှ်ဏသည် လူ့လောကသို့ ဆင်းသက် ပွင့်တော်မူလာ ခဲ့လေသည်။ 	ခမည်းတော် ဝဆုဒေဝသည် လက်တော်  လေးဘက် တွင် စင်္ကြာ၊ ဂဓ၊ ကြာပန်းနှင့် ခရုသင်းတို့ကို ကိုင်ဆောင် ထားတော် မူသော ဘုရားရှင် ကို ဖူးတွေ့ လိုက်ရ လေ သည်။ ဘုရားရှင်၏ ရင်ဘတ်တော် တွင် ရှရီဝသ်စ အမှတ်အသား ပါရှိ တော် မူသည်။ ဝိတ်ဒူရ်ယ ရတနာ မကိုဋ်တော် ကို ဆင်မြန်း တော်မူသည်။ ခန္ဓာတော် တစ်ခုလုံးတွင် လှပသော ရတနာ တို့ဖြင့် စီချယ်အပ်သော လက်ဝတ် တန်ဆာ တို့ကို ဆင်မြန်း ထားတော် မူသည်။ အဝါရောင် ဒိုတီ ဝတ်လဲ တော် ကို ဝတ်ဆင် ထားတော် မူသည်။ ဘုရားမြတ်၏ ကိုယ်ရောင် တော် သည် မိုးတိမ်ရောင်ကဲ့သို့ လှပ တော် မူသည်။ ဦးခေါင်းတော် တွင် လှပ သော ဆံတော် ရှိတော်မူသည်။  	ခမည်းတော် ဝဆုဒေဝသည် ဘုရားရှင်အား ဤသို့ သပ္ပါယ်စွာ ဖူးမြင် ရသော အခါ အံ့သြ၍ မကုန် နိုင်အောင် ရှိနေ ခဲ့သည်။ သာမန် အားဖြင့် သားယောကျာ်း မွေးဖွား လာပါ မိသားစုတွင် ပျော်ပွဲရွှင်ပွဲ ကျင်းပ လေ့ ရှိ၏။ အလှူဒါနများ ပြုကြ ကုန်သည်။ ယခုအခါ သူသည် အကျဉ်းထောင် ထဲတွင် ရှိနေသဖြင့် ဘာမျှ မလုပ်နိုင် ဖြစ်နေ ရသည် ဟု ခမည်းတော် ဝဆုဒေဝသည် စဉ်းစားကာ ဝမ်းနည်းဝမ်းသာ ခံစား နေရ လေသည်။ သူသည် ကိုယ်တိုင် မလှူနိုင်သော်လည်း စိတ်ထဲမှနေ၍ ဒါနပြုနေ၏။ သူသည် စိတ်ထဲမှ နေ၍ ဗြဟ်မဏများကို လှပစွာ အလှဆင်ထားသော နွားများ ထောင်နှင့်ချီ၍ လှူဒါန်း လေသည်။ 
        ဝဆုဒေဝက ဤကလေးသည် သာမန်ကလေးမဟုတ်ဘဲ ဘုရားမြတ် ကရိသျှ်ဏ ကိုယ်တော်တိုင် ဖြစ်တော် မူကြောင်းကို သိလာသောအခါ လက်စုံမိုး၍ ဦးခိုက်ရှိခိုးကာ လှပသော စကားလုံးများဖြင့် ဆုတောင်း ပတ္ထနာ  ပြုလေသည်။ မယ်တော် ဒေဝကီ ကလည်း လက်စုံမိုးကာ ယခုလို ဆုတောင်း လေသည်။      ” ဤလှပသပ္ပါယ်သော ရူပတော်ကို ဘဝပေါင်း များစွာတွင် တရားထူးကို ကျင့်ကြံ အားထုတ်သူများသာ ဖူးမြှင်နိုင်သည်ကို တပည့်တော်မ သိပါသည်။ သို့သော် ဆိုးသွမ်းသော ကံဆသည် ဘုရားမြတ် ပွင့်တော် မူသည်ကို တွေ့သည်နှင့် တစ်ပြိုင်နက် အန္တရယ် ပြုပါလိမ့်မည်။ သာမန်လောကီ မျက်လုံးတို့ဖြင့် မမြင်နိုင်ပါစေသား”  ဟူ၍ မိခင်တို့သဘာဝ ဆုတောင်းလေသည်။ ဆိုလိုသည်မှာ မယ်တော် ဒေဝကီသည် ဘုရားမြတ်အား သာမန် ကလေးငယ် အသွင်ကို ဆောင်ယူတော်မူပါရန် ပန်ကြား နေခြင်း ဖြစ်သည်။ 	မယ်တော် ဒေဝကီ၏ ဆုတောင်းကို ကြားတော်မူသော အခါ ဘုရားမြတ်သည် အောက်ပါတို့ကို မိန့်ကြားတော်မူသည်။ ”  မယ်တော်၊ စွယံဘူဝ မနုမင်းလက်ထက်က သင်နှင့် ခမည်းတော် တို့သည် လူဦးရေတိုးပွားမှုကို အစိုးရသော ပ်ရဂျားပသီး ဖြစ်ခဲ့ကြသည်။ ထိုစဉ်က ခမည်းတော်၏ အမည်သည် ဆူသပ ဖြစ်၍ မယ်တော်၏ အမည်သည် ပ်ရီရှ်နီ ဖြစ်သည်။”  	” ဗြဟ်မာက သင်တို့အား လူဦးရေ တိုးပွားလာရန် ဆောင်ရွက်စေလိုသော်လည်း သင်တို့သည် ပြင်းထန်သော တပ ချိုးခြံမှုများကို အာရုံများကို ထိန်းချုပ်ကာ ကျင့်ကြံ ခဲ့ကြပေသည်။သင်တို့သည် ရာသီဥတု ဒါဏ်ကို ကြံကြံခံကာ တရားအားထုတ်ခဲ့ကြသည်။ သစ်ပင်ပေါ်မှ ကသြွေက်သော သစ်ရွက်ကိုသာ စား၍ ကာမဂုဏ် အာရုံတို့ကို ထိန်းချုပ်ကာ အားထုတ်ခဲ့ကြသည်။ ဘုရားမြတ်ကို အာရုံပြုကာ လှပသော ဆုကို ရယူရန် ရည်ရွယ် ခဲ့ကြသည်။ သင်တို့သည် ထို အားထုတ်မှုများကို နတ်တို့၏ နှစ်ပေါင်း တစ်သောင်းနှစ်ထောင် ကျင့်ကြံခဲ့ကြသည်။ ထိုကာလတစ်လျောက် လုံးတွင် သင်တို့၏ စိတ်ထဲတွင် ငါဘုရားကို သာ အာရုံပြုခဲ့ကြသည်။ ဖြူစင်လှသော သင်၏ နှလုံးသားကို ဘုရားမြတ်သည် အသိအမှတ်ပြု ခဲ့၏၊ အိုမယ်တော်။ ထိုအခါ ငါဘုရားမြတ်သည် သင်တို့ လိုရာဆန္ဒပြည့်ဝစေရန် သင်တို့ရှေ့တွင် ထင်ရှားလေသည်။ ထိုအချိန်တွင် သင်တို့က ဘုရားမြတ်အား သားတော်လေးအသွင် ရလိုပါ၏ ဟူသော ဆုကို တောင်းခဲ့ကြသည်။ သင်တို့သည် ငါဘုရားအား ဖူးမျှော်မြင်တွေ့ ပြီးသည့် နောက်တွင်သော်မှ သံသရာမှ လွတ်မြောက်ခြင်းကို တောင်းဆုမပန်ဘဲ ဘုရားမြတ်အား သားတော် အဖြစ်ရလိုကြောင်း ကိုသာ ဆုတောင်း ခဲ့ကြသည်။”   	”  ဤသို့ဖြင့် ငါဘုရားမြတ်သည် ပ်ရီရှ်နီနှင့် ဆုသပတို့၏ သားတော် ပ်ရီရှ်နီ ဂရ်ဘ ဘုရား အဖြစ် ထိုခေတ်ကာလက ပွင့်တော်မူပြီး နောက်တစ်ခေတ်တွင် သင်တို့သည် မယ်တော် အဒီသီ နှင့် ခမည်းတော် ကာရှ်ယပ ဖြစ်ခဲ့ပြီး ငါဘုရားသည် ဝါမန ဘုရားအဖြစ် သင်တို့၏ သားတော် အဖြစ် ပွင့်တော်မူခဲ့သည်။ ငါသည် သင်တို့အား သင်တို့ သားတော် အဖြစ် သုံးကြီမ်တိုင်တိုင် ပွင့်တော်မူမည် ဟူသော ကတိတော်ကို ထားခဲ့သည့် အားလျော်စွာ ယခု အခါ ဒေဝကီ မယ်တော်နှင့် ခမည်တော် ဝဆုဒေဝ ၏ သားတော် ကရိသျှ်ဏ အဖြစ် ပွင့်တော်မူသည်။ သာမန် ကလေးအသွင် မွေးဖွားလာပါက ငါသည် ဘုရားမြတ် ကိုယ်တော်တိုင် ဖြစ်တော်မူကြောင်း ကိုသင်တို့ ယုံကြည်ကြမည် မဟုတ်ပေ။ချုစ်လှစွာသော မယ်တော်နှင့် ခမည်းတော်။ သင်တို့သည် လောကုတ္တရာ ဘုံသို့ ဝင်ရောက်မည်မှာ မလွဲဧကန် ဖြစ်သည်။ သင်တို့သည် ကံဆ၏ရန်ကို အလွန် စိုးရိမ် နေကြကြောင်းကို သိရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်အား ဂိုကူလ်သို့ ဆောင်ယူပါလော့။ ယရှိုးဒါးဒေဝီ ဖွားမြင်ခဲ့သော သမီးတော်နှင့် လဲယူလာခဲ့ပါလော့”  	ယင်းသို့ မိန့်တော်မူပြီးသော အခါ ဘုရားမြတ် ကရိသျှ်ဏသည် သာမန် ကလေးငယ် အသွင်ကို ပြောင်းလဲယူဆောင်တော် မူပြီးလျှင် တိတ်ဆိတ်စွာ နေတော်မူသည်။ 	ဘုရားမြတ်၏ အမိန့်တော် အတိုင်း ဆောင်ရွက်ရန် ဝဆုဒေဝ ပြင်ဆင်နေသော ထိုအချိန်တွင် ဂိုကူလ်တွင် ယရှိုးဒါးဒေဝီနှင့် နန္ဒဘုရင်တို့ထံတွင် သမီးတော် တစ်ပါး ဖွားမြင်သည်။ ထို သမီးတော်ကား အခြားမဟုတ် ဘုရားမြတ် ကရိသျှ်ဏ၏ အတွင်း တန်ခိုးတော် ယိုးဂမာယာ ပင်ဖြစ်သည်။ ယိုးဂမာယာ၏ မာယာတန်ခိုးကြောင့် ကံဆ၏ ထောင်ကို စောင့်ကြပ်နေကြသော အစောင့်များသည် နှစ်ခြိုက်စွာ အိပ်မောကြကုန်၏။ ထောင်တံခါး တို့သည် အလိုအလျောက် ပွင့်လာကြကုန်၏။ ဝဆုဒေဝသည် ကရိသျှ်ဏကို မချီလိုက်သောအခါ မှောင်မဲနေသော ညသည် နေ့ကဲ့သို့ လင်းလာပြီး ဝဆုဒေဝသည် အရာရာကို နေ့ကဲ့သို့ မြင်လာရ၏။ မိုးကောင်းကင်တွင် မိုးချုန်းသံကြားရပြီး မိုး သည်းထန်စွာ ရွာသွန်း လာသည်။ ရှေးရှ သည် နဂါးမင်းအသွင်ဖြင့် ဘုရားမြတ်အား အမောက်ဖြင့် မိုးကာ လိုက်ပါလာခဲ့လေသည်။  	ယမူနာ မြစ်ကမ်းသို့ ဝဆုဒေဝ ရောက်သော် မြစ်ရေသည် ရေမြုပ်များထကာ ပြည့်လျှမ်း နေလေသည်။ သို့သော အိန္ဒိယသမုဒ္ဒရာသည် ဘုရားရှင် ရားမကျန်ဒရ အား လံကာဒီပ သို့ သွားရန် တံတား ခင်းပေးခဲ့သကဲ့သို့ ယမူနာမြစ်သည် ဝဆုဒေဝအား လမ်းပေး ခဲ့လေသည်။ဤသြို့့ဖင့် ဝဆုဒေဝသည် ယမူနာမြစ်ကို အခက်အခဲမရှိ ဖြတ်သန်း နိုင်ခဲ့လေသည်။ မြစ်တစ်ဖက်ကမ်းသို့ ရောက်သောအခါ ဝဆုဒေဝသည် နန္ဒမဟာရားဂျ် ရှိရာ ဂိုကူလ်သို့ လာခဲ့သည်။ ထိုဒေသတွင် ရှိသမျှ လူသားအားလုံး နှစ်ခြိုက်စွာ အိပ်မောကျလျက် ရှိသည်။သူသည် ယရှိုဒါးမာသား၏ အခန်းတွင်းသို့ အခက်အခဲ မရှိဝင်ရောက်ကာ မွေးကာစ မိန်းကလေးငယ်ကို ကရိသျှ်ဏ ဘုရားရှင်နှင့် လဲ၍ ထားခဲ့ လေသည်။ ထို့နောက်တွင် ကံဆ၏ ထောင်ထဲသို့ ပြန်လာကာ မိန်းကလေးငယ်ကို ဒေဝကီ၏ ရင်ခွင်ထဲသို့ ထည့်လေသည်။သံကြိုးများဖြင့် မိမိကိုယ်ကို ပြန်ပတ်ကာ ဖြစ်ပျက်သမျှတို့ကို ကံဆ မသိအောင် နေလေသည်။ 	ယရှိုးဒါးမာသား မှာမူ ကလေးမျက်နှာမြင်သည်ကို သိလိုက်သော်လည်း ပင်ပန်းလွန်းသကဲ့သို့ ဖြစ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။ အိပ်ယာမှ နိုးလာသော အခါ မွေးလာသော ကလေးသည် ယောကျာ်းလေး လော မိန်းကလေးလော ဆိုသည်ကို မမှတ်မိနိုင်ဘဲ ရှိနေသည်။ 	ဝဆုဒေဝ ယင်းသို့ ပုံမှန်ပြန်နေစဉ် ထောင်တံခါး များသည် သူ့အလိုလို ပြန်ပိတ်သွား ကြသည်။ ထောင်စောင့်တို့သည် နိုးလာကြပြီးလျှင် ကလေးငိုသံကို ကြားကြလေသည်။ ထောင်စောင့် တို့သည် ကလေးမွေးမည့် သတင်းကို စောင့်မျှော်နေသော ကံဆဘုရင်အား အပြေးအလွှား အကြောင်းကြား ကြ၏။အိပ်ယာမှ နိုးကာစ ကံဆဘုရင်သည် ထိုသတင်းကို ကြားသိသော အခါ ”  ယုတ်မာသော ငါ၏ သေမင်းသည် မွေးလာခဲ့ပြီ တကား ”  ဟု ရေရွတ်လျက် ချက်ခြင်း အိပ်ယာမှထ၏။ ဆံပင်များ ဖားလျားကျကာ ကံဆသည် ကလေး မွေးဖွားသည့် နေရာသို့ ချက်ခြင်း လိုက်လာခဲ့လေသည်။ 	ဒေါသတကြီး လာနေသော ကံဆကို မြင်တွေ့သော နှမတော် ဒေဝကီးက သမီလေးကို ချမ်းသာပေးပါရန် ခြေထောက်ဖက်ကာ ငိုကြွေး တောင်းပန်လေသည်။ကံဆသည် ညီမတော်၏ စကားကို ဂရုပင် မစိုက်ကာ ကလေးငယ်ကို ခြေထောက်မှကိုင်လျက် အကြင်နာ တရားမဲ့စွာ လွှဲ၍ ကျောက်တုံးနှင့် ရိုက်လေသည်။ 	သို့သော် ထိုကလေးငယ်သည် လက်ထဲမှ လွတ်ထွက်သွားကာ မိုးကောင်ကင်တွင် လက်တော် ရှစ်ခြောင်း ရှိသော ဝိသျှ်ဏုဘုရား၏ ညီမတော် ဒူရ်ဂါဒေဝီ ရုပ်သွင်ဖြင့် ဝတ်လဲတော်များ ဖြင့် လှပစွာ တည်လေသည်။ လက်တော်ရှစ်ခြောင်းတွင် လေး၊မျှား၊ သရီဆူးလ် လှံ၊ဒါး၊ ခရုသင်း၊စင်္ကြာ၊ ဂဒါ၊ဒိုင်း စသည် လက်နက်တော်များ ကိုင်ဆောင်ထား လေသည်။  
        ယင်းသို့ ဒူရ်ဂါဒေဝီ ထင်ရှားလာသော အခါ နတ်ပြည် လောကမှ နတ်သား နတ်သမီး တို့သည် ပူဇော်ဘွယ်ရာ အမျိုးမျိုးကို ဆက်ကပ်၍ ပူဇော် ကြကုန်သည်။ ဒူရ်ဂါဒေဝီသည် ကောင်းကင် ထက်မှ နေ၍ ကံဆအား ယခုကို မိန့်ကြား လေသည်။ ”  မိုက်မဲလှသော ကံဆ၊ သင်သည် ငါ့အား သတ်နိုင် မည်လား။ သင့်အား သုတ်သင် မည့် ကလေးငယ် သည် ဤကမ္ဘာ၏ တစ်နေရာ တွင် ပွင့်တော် မူခဲ့ပြီး ဖြစ်သည်။ သင်၏ နှမတော် အပေါ် မရက်စက် ပါနှင့်”  ဟုပြောဆိုကာ ပျောက်ကွယ် သွားခဲ့လေသည်။ (ထိုအချိန် မှ စ၍ ဒူရ်ဂါဒေဝီကို ကမ္ဘာအနှံ့ လူအများ ကိုးကွယ် လာ ကြခြင်း ဖြစ်သည်။)
     	ထိုစကားကို ကြားလိုက် ရသော ကံဆဘုရင် သည် ကြီးစွာ သော တုန်လှုပ်မှုကို ခံစား လိုက်ရ လေတော့သည်။ 
 
    
    
 
 
 
    
     
 
    
    


