အာစရိယ ဆရာတော်ကြီး၏ စကား

လူတွေအားလုံး ဘဝရဲ့ပန်းတိုင်ကို သိရမှာ ဖြစ်တယ်
(ကျေးဇူးရှင် အာစရိယ ဆရာတော်ကြီး အေ စီ ဘ(က်)သီး ဝေဒါးန်သ ဆွာမိ ပ်ရဘူးပါးဒ် နှင့် နာမည်ကျော် ကဗျာဆရာ အယ်လဲန် ဂင်းစ်ဘတ်ဂ် တို့ ၁၉၆၉ခု၊မေလ ၁၂ရက်နေ့က အမေရီကန်နိုင်ငံ အိုဟိုင်အို ပြည်နယ်၊ ကိုလံမ်ဘ(စ်)တွင် ဆွေးနွေးခန်းမှ ကောက်နှုတ်ချက်)
အယ်လဲန်။ ။ဆရာတော်ကြီး၊ ဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ အသင်းကြီးဟာ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး လူတွေတော်တော်များများ လက်ခံလာနေပါတယ်။ တပည့်တော် စဉ်းစားကြည့်တာက အမေရီကားမှာ လူတိုင်း………..
ဆရာတော်ကြီး။ ။ ဘယ်အရာကိုမှ လူတိုင်းလက်မခံနိုင်ပါဘူး။
အယ်လဲန်။ ။ တပည့်တော် ဆိုလိုတာက ဒီလို တိုးတက်နေတယ် ဆိုတဲ့ အမေရိကား လိုနိုင်ငံမှာ ရှေးခေတ် ဝေဒကျမ်းက ပုံစံနဲ့ နေကြမယ်။ လုံးဝ သက်သတ်လွတ်စားမယ်။ ဘုရားဆွမ်းကပ်ပြီးမှ စားမယ်၊ ကာမဂုဏ်ကို သားသမီးရဘို့ကလွဲလို့ မခံစားဘူး။ တပည့်တော် စဉ်းစားမိတာက ကျင့်စဉ်တစ်ခု ပေါ့။ အမေရီကန်က လူတိုင်းလူတိုင်း ကျင့်နိုင်မဲ့ ကျင့်စဉ်တစ်ခု၊ ဘယ်လိုပုံနဲ့ ဖြစ်နိုင်မလဲ၊ မဟုတ်ရင် ပြသနာက ပြေလည်မှာ မဟုတ်ဖူး။
တစ်ခု တပည့်တော် သတိထားမိတာက ဆရာတော်ကြီးရဲ့ ကရိသျှ်ဏ ဘုရားကျောင်းတွေ နေရာ တော်တော်များများ မှာ ခိုင်ခိုင်မာမာ ရှိနေပြီ။ အင်မတန် အခြေကျနေပြီ။ အဲဒါ မြဲသွားမယ် လို့လဲ ထင်ပါတယ်။
ဆရာတော်ကြီး။ ။ ဆက်ပြောပါဦး။
အယ်လဲန်။ ။ ဒါပေမဲ့၊ အနာဂတ် ဘယ်လို ဖြစ်လာမလဲ လို့ စဉ်းစားမိပါတယ်။ ဒီလောက် အသေးစိတ် ကျတဲ့ ကျင့်စဉ် တစ်ခု ရဲ့ အနာဂတ် ဘယ်လို ကျင့်ကြံကြမလဲ။ ဥပမာ ဆရာတော်ကြီး ရဲ့ အသင်းမှာ အစားအသောက် စည်းကမ်းကြီးတယ်။ ဆိုလိုတာက အသားမစားဘူး။ အဲဒီ အပြင် ဧကာဒဆီ ဥပုသ် က တစ်လမှာ နှစ်ကြီမ်၊ အဲဒီမှာလဲ ကောက်ပဲအနှံ မစားဘူး။ နေ့စဉ် လုပ်ရမဲ့ ဘုရားရှိခိုး အာရသီတွေ ၊ ဘုရားကို ဆွမ်းကပ်ရတာတွေ၊ ပန်းကပ်ရတာတွေ။ ဆရာတော်ကြီး သင်ကြား ပေးနေတဲ့ အသေးစိတ်တွေ ရေရှည်မှာ ဘယ်လို တည်တံ့မလဲ ဆိုတာပေါ့။
ဆရာတော်ကြီး။ ။ ဒကာကြီး ပြောတာ မှန်တယ်။ ဒီကျင့်စဉ်ဟာ အသေးစိတ်ကျတယ်။ ကျင့်စဉ် တစ်ခုလုံးရဲ့ ရည်ရွယ်ချက်က လူတွေကို ကရိသျှ်ဏ အနုဿတိ ဖြစ်လာဘို့ ဖြစ်တယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ နှစ်ဆယ့်လေးနာရီ ပတ်လုံး ဘယ်လို လုပ်ပြီး ကရိသျှ်ဏ အနုဿတိ ဖြစ်နေနိုင်မလဲ။ အဲဒါ ကျင့်စဉ် ဖြစ်တယ်။ တစ်ဖြေးဖြေးနဲ့ ကရိသျှ်ဏ ယဉ်ကျေးမှုကို မိတ်ဆက်ပေမယ်။ အဲဒီအခါ ကျင့်သူတွေ ကရိသျှ်ဏ အနုဿတိ ပြင်ပကို သွားစရာ မလိုတော့ဘူးပေါ့။
ပထမဆုံး နားလည်ရမှာက ကျုပ်တို့က လူတွေကို ကရိသျှ်ဏ အနုဿတိ ဖြစ်လာအောင် လုပ်ပေးနေတယ် ဆိုတာပါဘဲ။
အယ်လဲန်။ ။ ဆရာတော်ပြောတာ မှန်ပါတယ်။ ရှေးရိုး ဂျူးဘာသာမှာလဲ အဲဒီလို အသေးစိတ် ကျပြီး အချိန်နဲ့အမျှ လုပ်ရတဲ့ ကျင့်စဉ်ရှိပါတယ်။ သူတို့လဲ ဘာသာရေး သတိ ရှိနေဘို့ အဲဒီလို လုပ်တာ ဖြစ်တယ်။ လူတစ်စု အဲဒီလို ကျင့်လာတာ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ တစ်ဖြေးဖြေး ပျောက်ကွယ်စ ပြုလာတာ တွေ့ရပါတယ်။ ခေတ်သစ် ဘဝပုံစံက နေ့တိုင်း အချိန်တိုင်းမှာ အဲဒီလို ကျင့်ကြံဘို့ ခွင့်မပြုတော့ပါဘူး။ တပည့်တော်ရဲ့ မေးခွန်းက ကရိသျှ် အနုဿတိ ကျင့်စဉ် ကကော ဘယ်လောက်အထိ ပြန့်နှံ့နိုင်မလဲ။ အမေရီကန် လို တိုင်းပြည်မှာ လူဘယ်လောက်က အဲဒီလို ကျင့်နိုင်မလဲ။
သို့မဟုတ် ဆရာတော်က သာဝကတွေ သုံးလေးရာ သို့မဟုတ် တစ်ထောင် လောက် ခိုင်ခိုင်မာမာ ကျင့်ကြံတဲ့သူ လိုချင်တာများလား။
ဆရာတော်ကြီး။ ။ ဟုတ်တယ်။ ဟုတ်ပါတယ်။ အစီအစဉ်က အဲဒီလို ပါဘဲ။ ဘာကြောင့်လဲ ဆိုရင် ကရိသျှ်ဏ အနုဿတိ လူတိုင်း ဖြစ်လာမှာ မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဘဂဝဒ်ဂီသာကျမ်း မှာလဲ ဘဟုနားမ် ဂျံန်မနားမ် အံသေး လို့ ဆိုထားပါတယ်။ ဘဝပေါင်းများစွာ ဖြတ်သန်းပြီးမှ လူတစ်ယောက်ဟာ ပြည့်ပြည့်ဝဝ နားလည်ခြင်းကို ရောက်လာတာ ဖြစ်တယ်။ ဘယ်လို အချိန်မှာ ဖြစ်ဖြစ် လူအများစု ဒီကျင့်စဉ်ကို ကျင့်နိုင်မှာ မဟုတ်ဖူး။ ဘဟူးနားမ်၊ဂျံန်မနားမ် အံန်သေး၊ ဂ်ယားနဝါးန် မားမ် ပ်ရပဒ်ယသေး။ ” မွေးဖွားခြင်းပေါင်း မြောက်များစွာကို ဖြတ်သန်းပြီးသည့် နောက်တွင်သော်မှ တရားဥာဏ် ရလာသူသည် ငါဘုရားထံပါး ခိုလှုံဆည်းကပ်သည်။” အဲဒီ ဘဂဝဒ် ဂီသာကျမ်းမှာဘဲ မနုသျှားဏံမ် စဟစ်ရေးသျှူ လို့ ဆိုထားပါတယ်။ လူသား သန်းပေါင်းများစွာ ထဲမှာမှ တစ်ယောက်သည် သံသရာမှ လွတ်မြောက်ဖို့ စူးစမ်းလိမ့်မှာ ဖြစ်ပြီး လွတ်မြောက်ခြင်းကို ရသူတွေ သန်းပေါင်းများစွာ ထဲမှာမှ တစ်ယောက်ဟာ ဘုရားရှင် ကရိသျှ်ဏကို နားလည်နိုင်ပါလိမ့်မယ်။
အဲဒါကြောင့် ကရိသျှ်ဏ ဘုရားရှင်ကို သာမန် နားလည်ဘို့ ဟာ လွယ်ကူတာ မဟုတ်ပါဘူး။ ဒါကြောင့်သာ ဘုရားရှင် ကရိသျှ်ဏဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်က ဘုရားရှင် ကျိတ်သံနျ မဟာပ်ရဘူး အဖြစ် ပွင့်တော်မူခဲ့ပြီး ကြီးမားတဲ့ ကရုဏာနဲ့ အင်မတန် လွယ်ကူတဲ့ နည်းလမ်း ဖြစ်တဲ့ ဘုရားရှင်ရဲ့ နာမတော်ကို ရွတ်ဆိုတဲ့ ကျင့်စဉ်ကို ပေးသနားတော် မူခဲ့တာ ဖြစ်တယ်။ အဲဒီလို မဟုတ်ရင်တော့ ကရိသျှ်ဏ အနုဿတိ ဖြစ်လာဘို့ ဆိုတာ သိပ်ပြီး မလွယ်ကူ ပါဘူး။ ဘာကြောင့်လဲ ဆိုရင် လောကုတ္တရာ မှာ ကရိသျှ်ဏ ဆိုတာ အမြင့်ဆုံး ဖြစ်တော်မူတဲ့ အတွက် ဖြစ်ပါတယ်။ လူသာမန်တွေက တော့ မမြဲတဲ့ ရုပ်လောကမှာ နစ်မြောနေတဲ့ တိရစ္ဆာန် သာသာလောက်ဘဲ ရှိကြပါတယ်။
အဲဒီလို လောကီမှာ မောဟဖုံးနေသူ တွေထဲမှာ တစ်ယောက်လောက် က ကျမ်းစာတွေကို စိတ်ဝင်စားတယ်။ အဲဒီလို ကျမ်းစာတွေကို စိတ်ဝင်စားတဲ့ သူတွေတောင်မှ စီးပွားရေး တိုးတက်စေမယ် ဆိုတဲ့ ထုံးတမ်းစဉ်လာ တွေကိုသာ ပိုပြီး စိတ်ဝင်စားကြပါတယ်။ လူတွေက ဓရ်မ ဆိုတဲ့ ဘာသာရေးကို အရ်ဿ ဆိုတဲ့ ဓနစီးပွား အတွက် ကျင့်ကြံနေတာ ဖြစ်တယ်။ အရ်ဿ ဆိုတာ ငွေပေါ့။
ဘာကြောင့် အရ်ဿ လိုသလဲ။ ဘာကြောင့် ငွေလိုအပ် နေလဲ။ ကားမ၊ မမြဲတဲ့ အာရုံသုခ ခံစားဘို့ အတွက် ငွေလိုတာ ဖြစ်တယ်။ အဲဒီလို အာရုံခံစားမှုမှာ စိတ်ပျက်ငြီးငွေ့ပြီ ဆိုတဲ့အခါ မိုး(က်)ချ ဆိုတဲ့ လွတ်မြောက်ခြင်း လိုချင်လာပါတယ်။ အဲဒီလေးခု အမြဲ ရှိနေပါတယ်။ ဓရ်မ၊အရ်ဿ၊ ကားမ၊ မိုး(က်)ချ။
ရှရီမဒ် ဘာဂဝသံမ်လို ကျမ်းစာတွေက ဓရ်မ(ဓမ္မ)ဆိုတာ ငွေရှာဘို့ မဟုတ်ဖူး လို့ ဆိုပါတယ်။ ငွေဆိုတာလည်း အာရုံခံစားမှု အတွက် မဟုတ်ပါဘူး။ အာရုံခံစားမှု ဆိုတာ ခန္ဓာကိုယ် အသက်ရှင် ရပ်တည်ဖို့ အတွက်သာ လိုတာဖြစ်တယ်။ အဲဒီထက် မပိုဘူး။
လူ့ဘဝရဲ့ တကယ့် အလုပ်က သသ်ဝဂျီ ဂ်ယားဆ လို့ခေါ်တဲ့ ပကတိ သစ္စာတရားကို သိမြင်ဖို့ ဖြစ်တယ်။ ဂျီဝ(စ်)ယ သသ်ဝ ဂျိဂ်ယားစား၊ နားရ်ဿိုး ယရှ် ကျေဟ ကရ်မဘီဟ့်၊ ကားမ(စ်)ယ နေန်ဒ်ရီယ ပ်ရီသီရ် လားဘိုး ဂျီဝေသ ယားဝသား၊ ကားမ(စ်)ယ ဆိုတဲ့ အာရုံခံစားမှုဆိုတာ အာရုံခံစားမှုကို တိုးမြှင့်တာ မဟုတ်ဖူး။ ဂျီဝေးသ ယားဝသ၊ ကောင်းမွန်စွာ အသက်ရှင် နေထိုင်ဖို့ လောက်သာ အာရုံခံစား ရမှာ ဖြစ်တယ်။ လူ့ဘဝရဲ့ အဓိက တာဝန်က ဂျီဝ(စ်)ယ သသ်ဝ ဂျီဂ်ယားစား၊ လူသားတိုင်းဟာ ပကတိသစ္စာတရား အကြောင်း သိလိုစိတ် ရှိရပါမယ်။ ဒါပေမဲ့ လူအများစုဟာ အဲဒါကို စိတ်မဝင်စားတာ တွေ့ရမှာ ဖြစ်တယ်။ ဒါက ဖြစ်လဲ မဖြစ်နိုင်ဘူး၊ အဲဒီအတွက် မမျှော်လင့် ပါနဲ့။
အယ်လဲန်။ ။ ဒါဆိုရင် အမေရီကားမှာ ဆရာတော်ကြီးရဲ့ စီမံကိန်းက ဘုရားကျောင်းတွေ၊ စင်တာ တွေထူထောင်ပြီး ကျင့်ကြံအားထုတ် လိုသူတွေ လေ့လာပြီး ကျင့်ကြံအားထုတ်နိုင် မယ် ဆိုတာ မျိုးလား။
ဆရာတော်ကြီး။ ။ ကျုပ်အနေနဲ့တော ဖြစ်ချင်တာ ဆိုလို့မရှိဘူး။ ဒါပေမဲ့ ဒီအချက် လူသားတွေ အားလုံးရဲ့ ဘဝ ရည်မှန်းချက် ဖြစ်တယ်။ ဒါကြောင့် အဲဒီ အတွေးအခေါ် ပေးနိုင်တဲ့ နေရာ စင်တာ တစ်ခုခု ရှိရမှာ ဖြစ်တယ်။ လူတိုင်းတော့ လာမှာ မဟုတ်ပါဘူး။ ကျုပ် ကလကတ္တားမှာ တက္ကသိုလ် တက်ခဲ့တုန်းက ပရော်ဖက်ဆာ တစ်ယောက်ရဲ့ လစာက ဒေါ်လာ တစ်ထောင့် သုံးရာ လေးရာ လောက်ရှိ ပါတယ်။ တက်တဲ့ ကျောင်းသား အရေအတွက် ကသိပ်ပြီး မများလှဘူး။ ကျောင်းသားတွေစီက ကျောင်းလခ ရတာက ၃၆ ဒေါ်လာလောက်ဘဲ ရှိတယ်။ ဒါပေမဲ့ ကျောင်းမပိတ်သွားဘူး။ ဘာကြောင့်လဲ ဆိုတော့ စနစ်တစ်ခု ရှိနေရမှာ ဖြစ်တဲ့အတွက် ဖြစ်တယ်။
ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ ရှိတဲ့ စဉ်းစားဆင်ခြင် တတ်သူတွေ လူ့ဘဝဟာ အာရုံခံစားဘို့ သက်သက် မဟုတ်ဖူး ဆိုတာ သိစေချင်ပါတယ်။ ရှရီမဒ် ဘာဂဝသံမ် ကျမ်းမှာ ဂျီဝ(စ်)ယ သသ်ဝ ဂျီဂ်ယားဆ လို့ ဆိုထားပါတယ်။ လူ့ဘဝဟာ အန္တိမ သစ္စာတရားကို ရှိဖွေဘို့ ဖြစ်တယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီအရင် ဝေဒါန်းသ ကျမ်းမှာလည်း အဲဒီအတိုင်း ဆိုထားတာ ရှိတယ်။ ဘာကြောင့်လဲ ဆိုရင် ဘာဂဝသံမ်ကျမ်း ဟာ ဝေဒါန်းသ ကျမ်းရဲ့ ရှင်းလင်းချက် ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ ဝေဒါးန်သက အဿားရ်သို ဗြဟ့်မ ဂျီဂ်ယားဆ လို့ ဆိုထားပါတယ်။ ဒီ လူ့ဘဝဟာ ဗြဟ့်မံန်(ဘုရား)ကို သိမြင်ဘို့ ဖြစ်တယ်။ အဿ ဆိုတာ အခု ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အဿ ဆိုတာ ပြီးနောက် ဆိုတဲ့ အဓိပ္ပါယ် လည်းရပါတယ်။ နိမ့်ကျတဲ့ ဘဝပေါင်း မြောက်များစွာကို ဖြတ်သန်းပြီးနောက် ရလာတဲ့ လူ့ဘဝ ရဲ့ တာဝန်က ပကတိသစ္စာ ကိုစူးစမ်းဖို့ ဖြစ်ပါတယ်။ အဲဒီ ပကတိသစ္စာ ဆိုတာ ဘယ်သူ ပါလဲ။ ဝေဒါန်းသ ဒဿနက အဲဒါဘဲ ဖြစ်တယ်။ ပကတိသစ္စာ ဆိုတာ ပါလဲ။ အဲဒီ အကြောင်းကို ဘဲ ဂျီဝ(စ်)ယ သ(စ်)ယ ဂျီဂ်ယားစား ဆိုပြီး ဘာဂဝသံမ်ကျမ်းမှာ ဖေါ်ပြထားပါတယ်။ ဂျီဝ(စ်)ယဆိုတာ သက်ရှိခပ်သိမ်းကိို ဆိုလိုတာ ဖြစ်တယ်။ လူသားသက်ရှိ အားလုံးရဲ့ အဓိက တာဝန်က ပကတိသစ္စာ ကို စူးစမ်းရှာဖွေဘို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုခေတ်မျာ ပညာသင်ပေးတဲ့ ဆရာတွေ လူကြီးတွေကြောင့် လူတွေဟာ လမ်းမှား ရောက်နေကြပါတယ်။ လူသားတွေကို ပကတိသစ္စာတရားကို ရှာဖွေစူးစမ်းတဲ့ အဆင့် အမြင့်ဆုံး အဆင့်ကို မြှင့်တင်ပေးရမဲ့ အစား သူတို့က လူတွေကို အာရုံခံစားဘို့ အတွက် အစီအမံတွေလုပ်ပေးပြီး လမ်းမှားရောက်အောင် ပို့နေကြပါတယ်။
အယ်လဲန်။ ။ ဟုတ်ပါတယ်။ အခု အမေရီကားမှာ အာရုံခံစားမှုကို အားပေးလွန်းတဲ့ အတွက် လောကုတ္တရာ မွဲတေခြင်း ဖြစ်နေပါတယ်။ ဒါကို လူတိုင်းလက်ခံ နေကြပါတယ်။
ဆရာတော်ကြီး။ ။ အဲဒီ ခံစားမှု ရှိနေရမှာ ဖြစ်တယ်။ အဲဒီလို ခံစားမှ ဖြစ်မယ်။
အယ်လဲန်။ ။ လူ့ယဉ်ကျေးမှု ဟာ လောကီမှာ ဖြစ်နိုင်သမျှတွေ အတွက် လမ်းဆုံးရောက် နေပြီ ဆိုတာ လူတိုင်း လက်ခံကြပါတယ်။ ဒါကို လူတိုင်း နားလည်ကြပါတယ်။ နယူးယောက် တိုင်းမ် သတင်းစာ ရဲ့ အယ်ဒီတာ့ အာဘော်မှာ ကော အီ(စ်)ကောန်ရဲ့ ဂျာနယ်ထဲမှာကော အဲဒါတွေ ဖတ်နေရပါတယ်။ လူတိုင်းဟာ လောကီ ကို လွန်တဲ့ တစ်ခုခုကို ရှာနေကြပါတယ်။
ဆရာတော်ကြီး။ ။ လူသားတိုင်း ဟာ ပကတိသစ္စာ (ဘုရား)ကို စူးစမ်း ရှာဖွေသင့်ကြပါတယ်။
BTG ၃၄-ဝ၁-၂ဝဝဝ