အာစရိယဆရာတော်ကြီး အေ.စီ ဘ(က်)သီး ဝေဒါးန်သဆွာမိ ပ်ရဘူးပါးဒ်



၁၉၂၂-ခုနှစ် ပထမဦးဆုံးအကြိမ် တွေ့ဆုံစဉ် ရှရီလာ ဘ(က်)သီးစီဒါန်းသ စရဆွသီးထာကူးရ်် မှ ရှရီလာ ပ်ရဘူးပါးဒ်အား ဝေဒအသိပညာကို အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဖြူးဟောကြားရန် ပန်ကြားခဲ့သည်။ ထို့နောက်ပိုင်းနှစ်များ၌ ရှရီလာ ပ်ရဘူးပါးဒ်သည် အရေးကြီးဆုံး ဝေဒကျမ်းစာဖြစ်သည့် ‘’ဘဂဝဒ်ဂီသာ’’ကျမ်း၏ အဖွင့်ကို ရေးသားလေသည်။ ထို့အပြင် ဂေါဒီယမတ္ထ လုပ်ငန်းများတွင်ကူညီ၍ ဆောင်ရွက်ပေးခဲ့လေသည်။ ၁၉၄၄ ခုနှစ်၌ ‘’ဘုရားမြတ် ထံတော်ပါးသို့’’ (Back to Godhead) အမည်ရှိ တစ်လနှစ်ကြိမ်ထုတ် အင်္ဂလိပ်မဂ္ဂဇင်းကို တစ်ကိုယ်တည်း စတင် ထုတ်ဝေခဲ့သည်။ စာမူများကို မိမိကိုယ်တိုင် တည်းဖြတ်ခြင်း၊ လက်နှိပ်စက် ရိုက်ခြင်း၊ ဂယ်လီပရုဖ် ကြည့်ခြင်းတို့ ပြုလုပ်ခဲ့သည်။ မဂ္ဂဇင်းများကို မိမိကိုယ်တိုင် အခမဲ့ဖြန့်ဝေခဲ့ပြီး စာစောင် တည်တံ့ရေး အတွက်လည်း တစ်ဦးတည်း ရုန်းကန် ကြိုးစား ခဲ့လေသည်။
ရှရီလာ ပ်ရဘူးပါးဒ်၏ ဒဿနစာပေ သိမြင်နှံစပ်မှုနှင့် ဘုရားမြတ်တော်ထံပါး ထားရှိအပ်သော သဒ္ဓါတရားတို့ကို အသိအမှတ်ပြုသောအားဖြင့် ဂေါဒီယ ဝိသ်ျှဏဝ အသင်းကြီးမှ ပ်ရဘူးပါးဒ်အား ၁၉၄၇-ခုနှစ်၌ ‘’ဘ(က်)သီး ဝေဒါန်းသ’ဘွဲ့ဖြင့် ဂုဏ်ပြု ချီးမြှင့်လေသည်။ ရှရီလာ ပ်ရဘူးပါးဒ်သည် ၁၉၅ဝ-ခုနှစ်၊ အသက်(၅၄) နှစ်အရွယ်၌ မိသားစုဘဝမှ အနားယူခဲ့သည်။ ထို့နောက် လေးနှစ် အကြာတွင် လေ့လာဆည်းပူးမှုများနှင့် စာရေးသားမှုများ၌ အချိန်ပို၍ပေးနိုင်ရန် ‘’ဝါနပရား(စ်)သ’’ ခေါ် လူ့ဘောင်ဘဝမှ အငြိမ်းစားယူသော ဘဝကိုခံယူခဲ့ပြီးမကြာမီပင် မြင့်မြတ်သော ဘုရားပွင့်ရာ ဝရင်န္ဒာဝံ(န်)မြို့သို့ သွားရောက်ခဲ့သည်။ ရှရီလာ ပ်ရဘူးပါးဒ်သည် ဝရင်န္ဒာဝံ(န်)မြို့တွင် သမိုင်းဝင် ရာဓား-ဒါမိုးဒရား ဘုရားကျောင်း၏ အခန်းငယ်လေး၌ နေထိုင်ခဲ့ပြီး စာပေကျမ်းဂန် များကို လေးလေးနက်နက် လေ့လာဆည်းပူးခြင်း၊ ကျမ်းစာပေများ ရေးသား ပြုစုခြင်းတို့ကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။


၁၉၅၉ ခုနှစ်တွင် စံနျာဆ (ခေါ်) ရဟန်း အဖြစ်ကို လက်ခံ ခဲ့လေသည်။ ရာဓာ-ဒါမိုးဒရား ဘုရားကျောင်း၌ ရှရီလာ ပ်ရဘူးပါးဒ်သည် ‘’အခြားလောကများသို့ လွယ်ကူစွာ ခရီးသွားခြင်း’’ (Easy Journey to Other Planets) အမည်ရှိစာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုကျောင်းတော်၌ပင် ဆရာတော်ကြီး၏ဘဝ၌ အရေးအကြီးဆုံးနှင့် အကောင်းဆုံးဖြစ်သော ဝေဒကျမ်းတို့၏ အနှစ်သာရဖြစ်၍ ဂါထာပေါင်း တစ်သောင်း ရှစ်ထောင်ပါရှိသည့် ရှရီမဒ် ဘာဂဝသံ(မ်) ကျမ်းတော်ကြီးကို အတွဲပေါင်းများစွာဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ အကျယ်ဖွင့်ဆိုချက်များ ရေးသားကာ စတင်ပြုစုခဲ့လေသည်။
ရှရီလာ ပ်ရဘူးပါးဒ်သည် ရှရီမဒ် ဘာဂဝသံ(မ်)ကျမ်း၏အစပိုင်း အတွဲသုံးတွဲကို ပုံနှိပ်ထုတ်ဝေပြီးသောအခါ ၁၉၆၅ ခုနှစ်၌ မိမိဂုရုဆရာတော်၏ သာသနာပြု လုပ်ငန်းကို ဖြည့်ဆည်းရန်အလို့ငှာ အမေရိကားသို့ သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဒဿနဗေဒနှင့် ဓမ္မဂန္တဝင်ကျမ်းများ၏ အဖွင့်ဋီကာကျမ်းများ၊ အကျဉ်း လေ့လာစမ်းစစ်မှုများ၊ မှန်ကန်တိကျသော ဘာသာပြန်ဆိုမှုများ စသော ကျမ်းစာအုပ် အတွဲပေါင်း ရှစ်ဆယ်တိတိကို ရေးသား ပြုစုခဲ့လေသည်။ နယူးယောက်စီးတီးသို့ ကုန်တင်သင်္ဘောကြီးဖြင့် ပထမဦးဆုံးရောက်ရှိစဉ်က ရှရီလာ ပ်ရဘူးပါးဒ်ထံ ပိုက်ဆံငွေကြေး တစ်ပြားတစ်ချပ်မှ မရှိပေ။ တစ်နှစ်တာမျှ ပင်ပန်းကြီးစွာရုန်းကန်ခဲ့ပြီး ရှရီလာ ပ်ရဘူးပါးဒ်သည် ‘’အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်းကြီးကို ၁၉၆၆-ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင် လိုက်လေသည်။ ၁၉၇၇-ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့ ပျံလွန်တော်မူချိန်အထိ ရှရီလာ ပ်ရဘူးပါးဒ်သည် ထိုအသင်းကြီးကို ဦးဆောင် လမ်းညွှန်မှုပြုခဲ့ပြီး ကမ္ဘာအဝှမ်း၌ ဓမ္မရိပ်သာများ၊ ကျောင်းများ၊ ဘုရားများ၊ သိပ္ပံကျောင်းများ နှင့် လယ်ယာရိပ်သာများ တစ်ရာကျော်ရှိသော အပြည်ပြည်ဆိုင်ရာ အသင်းကြီး ဖြစ်လာသည် အထိ ကြိုးပမ်း ဆောင်ရွက်သွားခဲ့လေသည်။


ရှရီလာ ပ်ရ်ဘူးပါးဒ်သည် ၁၉၆၈-ခုနှစ်တွင် အနောက် ဗာဂျီးနီးယား တောင်ပေါ်ဒေသ၌ စံပြဝေဒရိပ်သာ ဖြစ်သည့် ‘’နယူးဝရင်န္ဒာဝံ(န်)’’လယ်ယာ ရိပ်သာကို စမ်းသပ်ထူထောင်ခဲ့သည်။ ယခုအခါ ထိုဧကပေါင်းတစ်ထောင်ရှိ၍ ဖွံ့ဖြိုးတိုးတက်နေသည့် ‘’နယူးဝရင်န္ဒာဝံ(န်)’’၏ အောင်မြင်မှုကို အားကျကာ ရှရီလာ ပ်ရဘူးပါးဒ်၏ တပည့် သာဝကများက အမေရိကန် ပြည်ထောင်စု နှင့်အခြား တိုင်းပြည်များတွင်လည်း အလားတူ ရိပ်သာ အဖွဲ့အစည်း များ ထူထောင်လျက်ရှိ ကြသည်။

၁၉၇၅ ခုနှစ်၌ ရှရီလာ ပ်ရဘူးပါးဒ်၏ ခမ်းနားထည်ဝါသော ကရိသ်ျှဏ-ဗလရာမ ဘုရားကျောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဧည့်ရိပ်သာတို့ကို အိန္ဒိယနိုင်ငံ ဘုရားပွင့်ရာနေရာ ဖြစ်သော ဝရင်န္ဒာဝံ(န်)၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၇၈-ခုနှစ်၌ ဘုရားကျောင်း တစ်ကျောင်း၊ ခေတ်သစ်ဇာတ်ရုံ၊ ဧည့်ရိပ်သာ၊ သက်သတ်လွတ် စားသောက်ဆိုင်အပါအဝင် လေးဧကရှိ ယဉ်ကျေးမှု ဗဟိုဌာနကြီး တစ်ခုကို ဘုံဘေမြို့၊ ဂျူးဟူးပင်လယ်ကမ်းခြေ၌ ဖွင့်လှစ်တည်ထောင်ခဲ့လေသည်။ ရှရီလာ ပ်ရဘူးပါးဒ် ရည်မှန်းခဲ့သော စီမံကိန်းကြီးတစ်ခုမှာ အနောက် ဘင်္ဂလားပြည်နယ်ရှိ ‘’မာယာပူရ်’’၌ လူပေါင်းငါးသောင်း နေထိုင်နိုင်သည့် စီမံကိန်းဝင် မြို့ကြီးတစ်မြို့ တည်ထောင်ရန် ဖြစ်သည်။ ‘’ရှရီဒါး(မ်) မာယာပူရ်’’ အနေနဲ့ ကမ္ဘာတစ်ခုလုံးအတွက် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်က ကဲ့သို့ ဝေဒယဉ်ကျေးမှုဘဝ၏ စံပြမြို့တော်အဖြစ် တည်ရှိပေလိမ့်မည်။


ထို့အပြင် ရှရီလာ ပ်ရဘူးပါးဒ်သည် အနောက်နိုင်ငံများအား အခြေခံ ပညာရေးနှင့် အလယ်တန်း ပညာရေးတို့အတွက် ဝေဒဒဿန ပညာရေးစနစ်ကို မိတ်ဆက်ပေးအပ် ခဲ့သည်။ ဂုရုကုလခေါ် သူတော်စင်ဆရာ၏ ကျောင်းများကို ၁၉၇၂ခုနှစ်တွင်မှ စတင် ထူထောင်ခဲ့သော်လည်း ကမ္ဘာအဝှမ်းရှိ ဌာနခွဲပေါင်းများစွာ၌ ကျောင်းသားများ ရာနှင့်ချီ၍ တက်ရောက်ဆည်းပူးနေကြပြီ ဖြစ်သည်။
အမှန်စင်စစ် ရှရီလာ ပ်ရဘူးပါးဒ်၏အရေးပါ အရာရောက်ဆုံးသော အကျိုးပြုမှုများမှာ ဆရာတော်ကြီး၏ ကျမ်းစာအုပ်များပင် ဖြစ်လေသည်။ ပညာရှင်ကြီးများက ထို ကျမ်းစာအုပ်များ၏ အထောက်အထား ခိုင်လုံတိကျမှု၊ နက်နဲမှုနှင့် ရှင်းလင်းပြတ်သားမှုတို့ကြောင့် လေးစားမှုပြုကြ၍ ကောလိပ်ကျောင်း များစွာတို့၌ ကျောင်းသုံးစာအုပ်များ အဖြစ် ပြဌာန်း ပေးထားကြလေ သည်။ ထို့ပြင် ရှရီလာ ပ်ရဘူးပါးဒ်၏ ကျမ်းစာအုပ်များကို ဘာသာပေါင်း နှစ်ဆယ့်ငါးမျိုး ပြန်ဆို ထုတ်ဝေထားကြပြီ ဖြစ်သည်။


အခြေခံအားဖြင့် ရှရီလာ ပ်ရဘူးပါးဒ်၏ ကျမ်းစာအုပ်များ ထုတ်ဝေရန် တည်ထောင်သော’’ဘ(က်)သီးဝေဒါန်းသ စာအုပ် ထုတ်ဝေ ရေးဌာန’’ သည် အိန္ဒိယ ဘာသာရေးနှင့် ဒဿနစာပေ နယ်ပယ်၌ ကမ္ဘာ့ အကြီးဆုံး ပုံနှိပ်ထုတ်ဝေရေး ဌာနကြီး ဖြစ်လာခဲ့လေသည်။ မကြာမီက ယင်းစာအုပ်ထုတ်ဝေရေး ဌာနကြီးမှ ရှရီလာ ပ်ရဘူးပါးဒ် (၁၈)လအတွင်း ရေးသားပြုစုခဲ့သော ဘင်္ဂါလီ ဘာသာ ဂန္တဝင်ကျမ်း၊ ရှရီ ကျိတ်သံနျကျရီသာ မ်ရီသာ’’၏ ဘာသာပြန်ဆိုချက်နှင့် အဖွင့်ဋီကာ တစ်ဆယ့်ခုနှစ်တွဲကို ပုံနှိပ်ထုတ်ဝေလေသည်။ ရှရီလာ ပ်ရဘူးပါးဒ်သည် ဇရာပိုင်း အိုမင်းချိန်သို့ ရောက်ရှိလာခဲ့သော်လည်း တစ်ဆယ့်နှစ်နှစ်တာ ကာလအတွင်း ကမ္ဘာကြီးအား တိုက်ကြီး ခြောက်ခုအနှံ့ တရားဓမ္မများ ဟောကြားပို့ချခဲ့သည်။ ဤမျှမအားလပ်သည့် ကြားမှပင် ရှရီလာ ပ်ရဘူးပါးဒ်သည် ကျမ်းစာပေများကို မပြတ် ပြုစုရေးသားခဲ့သည်။ ရှရီလာ ပ်ရဘူးပါးဒ် ရေးသားပြုစုခဲ့သော ကျမ်းစာများမှာ ဝေဒဆိုင်ရာ ဒဿန၊ ဓမ္မနှင့် ယဉ်ကျေးမှုဆိုင်ရာ စာကြည့် ပိဋကတ်တိုက်ကြီးပင် ဖြစ်သည်။
